မြန်မာနိုင်ငံရှိ လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်ခြင်း
"ဘယ်လူမျိုးစုမဆို၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေးနဲ့အတူ အသက်ရှင်ရပ်တည်လိုတာက လူ့သဘာဝပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို တခြားသူတွေအပေါ် လွှမ်းမိုးဖို့၊ အတင်းအဓမ္မ သွတ်သွင်းဖို့ ကြိုးစားတဲ့အခါမှ လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်လာရတာပါ။ အဲဒီအချင်းအရာကို သုတေသီတွေက 'Culturalization' လို့ခေါ်ကြတယ်။"
ရေးသားသူ - Jan Khone @ Naw Hkung
အနှစ်ချုပ် (Abstract)
မြန်မာနိုင်ငံ၏ ရှည်ကြာသော ပဋိပက္ခများကို လူမျိုးစုဆိုင်ရာ မကျေနပ်မှုများ သို့မဟုတ် တိုက်ရိုက်လူမျိုးရေးခွဲခြားမှုများကြောင့်ဟု ရိုးရှင်းစွာ မှတ်ယူလေ့ရှိသည်။ ဤဆောင်းပါးက ထိုသို့မဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော နားလည်မှု လိုအပ်ကြောင်း တင်ပြထားပြီး၊ ဤပဋိပက္ခများ၊ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများစွာသည် "ယဉ်ကျေးမှုလွမ်းလိုမှု Culturalization" မှသည် "လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း" (Ethnicization of Racialization) ဟုခေါ်သော ဖြစ်စဉ်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး၊ ၎င်းသည် ခိုင်မာသော ပြည်သူ့ပညာရေး ချို့တဲ့မှုနှင့် အပြစ်ကို ပြင်ပသို့ ပုံချလိုသော ပြင်းထန်သည့် သဘောထားတို့ကြောင့် ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားပါသည်။ ဤဆောင်းပါးသည် လူသားတိုင်း မိမိယဉ်ကျေးမှုနှင့် အမှတ်သရုပ်ကို မြှင့်တင်လိုသည့် သဘာဝဆန္ဒနှင့်အတူ၊ အာဏာရှိသူတို့၏ သဘာဝ (Power Dynamics) အရ ဖြစ်ပေါ်လေ့ရှိသော ဆွေမျိုးအစွဲ (Nepotism) နှင့် ထောက်ခံသူအစွဲ (Clientelism) တို့ကြောင့် လူမျိုးရေးပဋိပက္ခများအဖြစ် ဘယ်လိုအသွင်ပြောင်းသွားသည်ကို ဤဆောင်းပါးတွင် ရှင်းလင်းထားသည်။ ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများသည် လူမျိုးစုအချင်းချင်း ဖိနှိပ်မှုသက်သက် မဟုတ်ဘဲ၊ စနစ်ကျသော ပညာရေး ချို့တဲ့မှုများနှင့် လူသားတို့၏ တာဝန်မဲ့လိုသော သဘောထားတို့နှင့်လည်း ဆက်စပ်နေကြောင်း အခိုင်အမာဆိုထားပါသည်။
မြန်မာနိုင်ငံ၏ အခြေအနေတွင် ယဉ်ကျေးမှုအသွင်ဆောင်ခြင်း၊ လူမျိုးစုအသွင်ဆောင်ခြင်းနှင့် လူမျိုးရေးအသွင်ဆောင်ခြင်းတို့၏ သဘောတရားများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်၊ ဤဆန်းစစ်ချက်သည် ပဋိပက္ခများ၏ ရှုပ်ထွေးနက်နဲမှုများကို ပိုမိုနက်ရှိုင်းစွာ နားလည်လာစေရန် ရည်ရွယ်ပြီး၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုဆီသို့ ဦးတည်မည့် ပြည့်စုံသော ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် တစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဆီသို့ ပြောင်းလဲရန် လမ်းညွှန်ထားပါသည်။ ဤသုတေသနစာတမ်း (ဆောင်းပါး) သည် ဘာသာဗေဒ၊ မနုဿဗေဒ၊ လူမှုဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာစသည့် ဘာသာရပ်များမှ သဘောတရားများကို အခြေခံ၍ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဝေဖန်ပိုင်းခြားသုံးသပ်ထားခြင်းဖြစ်ပါသည်။
၁။ နိဒါန်း
လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံဖြင့် ကြွယ်ဝသော မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာကြာ ပြည်တွင်းပဋိပက္ခများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ဤပဋိပက္ခများကို အများအားဖြင့် လူမျိုးစုတစ်ခုက အခြားလူမျိုးစုတစ်ခုကို လွှမ်းမိုးလိုသောကြောင့် ဖြစ်ပေါ်လာသော တိုင်းရင်းသားအခွင့်အရေးများအတွက် ရိုးရိုးရှင်းရှင်း တိုက်ပွဲဝင်ခြင်း (သို့မဟုတ်) လူမျိုးရေး (သို့မဟုတ်) ယဉ်ကျေးမှု ကွဲပြားမှုများကြောင့်သာ ဖြစ်ပေါ်သော ပဋိပက္ခများအဖြစ်လည်း ပုံဖော်လေ့ရှိကြသည်။ ကချင်ပြည်နယ်တွင် "ဗမာမှုပြုတယ်"၊ "ကချင်မှုပြုတယ်"၊ "ဂျိမ်းဖောမှုပြုတယ်" စသည့် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီး၊ ကချင်ဒေသတွင် ရပ်ရွာအစည်းအလုံးပြိုကွဲကာ လူမျိုးစုအချင်းချင်း မုန်းတီးမှုများ ပိုမိုမြင့်တက်စေခဲ့သည်။ ဤဆောင်းပါးက ထိုသို့သော ရိုးရှင်းသည့် ဇာတ်ကြောင်းများသည် ပိုမိုရှုပ်ထွေးသော အရင်းခံအဖြစ်မှန်ကို ဖုံးကွယ်ထားကြောင်း ဖော်ပြထားပြီး၊ ၎င်းကို "လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း" (Ethnicization of Racialization) သဘောတရားဖြင့် နားလည်နိုင်မည့်အကြာင်း ရှင်းလင်းထားပါသည်။ အဆုံးစွန်အားဖြင့်၊ ဤပဋိပက္ခများသည် လူမျိုးစုဆိုင်ရာသဘောမျိုးဟု ထင်ရသော်လည်း အခြေခံပညာရေး ချို့တဲ့မှုများနှင့် အပြစ်ကို ပြင်ပသို့ ပုံချလိုသော လူသားတို့၏ သဘောထားတို့နှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါသည်။
၂။ "_____မှုပြုတယ်" ကို ခွဲခြမ်းစိတ်ဖြာခြင်း - လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်ခြင်း၏ သဘာဝ
"______မှုပြုတယ်" (ဥပမာ- "ဗမာမှုပြုတယ်") ဆိုသော အသုံးအနှုန်းသည် လူမျိုးစုတစ်စုက ၎င်းတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာတရားနှင့် အတွေးအမြင်များကို အခြားသူများအပေါ် လွှမ်းမိုးရန် ကြိုးစားသည်ဟု ယူဆခြင်းကို ရည်ညွှန်းသည်။ ဤဖြစ်စဉ်သည် ၎င်း၏ အနှစ်သာရအားဖြင့် လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း (Ethnicization of Racialization) ၏ သရုပ်ဖော်မှုတစ်ခု ဖြစ်သည်။
ရှင်းလင်းရန်-
လူမျိုးရေးအသွင်ဆောင်ခြင်း (Racialization) ဆိုသည်မှာ လူပုဂ္ဂိုလ် သို့မဟုတ် အုပ်စုများကို ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ (ဥပမာ- အရေပြားအရောင်၊ မျက်နှာသွင်ပြင်) ကို အခြေခံ၍ "လူမျိုး (race)" အဖြစ် ခွဲခြားသတ်မှတ်ခြင်းနှင့် ၎င်းခွဲခြားမှုအပေါ် အခြေခံ၍ လူမှုရေး၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အဓိပ္ပာယ်များ ပေးအပ်ခြင်း (မကြာခဏဆိုသလို အာဏာနှင့် အခွင့်အရေးဆိုင်ရာ အဆင့်အတန်းခွဲခြားမှုများ ဖန်တီးခြင်း) ကို ဆိုလိုပါသည်။
လူမျိုးစုအသွင်ဆောင်ခြင်း (Ethnicization) မှာမူ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ဘာသာတရား သို့မဟုတ် ဘုံသမိုင်းကြောင်းတို့ကဲ့သို့သော တူညီသည့် ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများကို အခြေခံ၍ အုပ်စုများကို သတ်မှတ်ခြင်းကိုဆိုလိုသည်။
လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း (The Ethnicization of Racialization) သည် မူလက "လူမျိုးစု" (ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေးဆိုင်ရာ အယူအဆ) ကွဲပြားမှုများမှ "လူမျိုး" (ဇီဝဗေဒဆိုင်ရာ အယူအဆ) အပေါ် အခြေခံသည့် ခွဲခြားမှုများကို ဖြစ်ပေါ်လာသည်ကို တရားမျှတအောင် လုပ်ဆောင်သည့် ဖြစ်စဉ်ဖြစ်သည်။ ဆိုလိုသည်မှာ လူမျိုးစုတစ်စုက မိမိ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေးဆိုင်ရာ အယူအဆများကို အခြားလူမျိုးစုအပေါ် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလာရာမှ ဖြစ်ပေါ်လာသော (Culturalization) ၏အကျိုးဆက် အကြောင်းတရားများဖြစ်ပါသည်။ ဤဖြစ်စဉ်က ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများကို လူမျိုးရေးအမြင်ဖြင့်မဟုတ်ဘဲ၊ ယဉ်ကျေးမှုများ ကွဲပြားခြားနားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာအဖြစ် နားလည်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေတွင် "လူမျိုးရေး" သဘောဟု ထင်ရသော ပဋိပက္ခများသည် တကယ်တမ်းတွင် လူမျိုးရေးအသုံးအနှုန်းဖြင့် ဖုံးကွယ်ထားသော ပိုမိုနက်ရှိုင်းသည့် လူမှုရေးပြဿနာများ ဖြစ်နေတတ်သည်။
မိမိ၏ ကိုးကွယ်ရာဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အတွေးအမြင်များကို မြှင့်တင်လိုပြီး မျှဝေလိုသည့် ဆန္ဒသည် လူသားတို့၏ သဘာဝတွင် ပါရှိသော စရိုက်တစ်ခုဖြစ်သည်။ ၎င်းသည် မွေးရာပါ အဆိုးမြင်ခြင်း သို့မဟုတ် ရန်လိုခြင်း မဟုတ်ပေ။ မိမိ၏ အိမ်နီးချင်းကို မိမိ၏ ဘာသာဝင်တစ်ဦး ဖြစ်စေလိုခြင်း သို့မဟုတ် မိမိ၏ ဘာသာတရားသည် အခြားဘာသာများထက် မြင့်မြတ်သည်ဟု ယုံကြည်ခြင်းမျိုး လူတစ်ဦးချင်းစီတွင် ရှိနိုင်သကဲ့သို့၊ နိုင်ငံများနှင့် လူမျိုးစုများတွင်လည်း မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်များကို ပိုမိုကျယ်ပြန့်စွာ လက်ခံစေလိုသည့် ဆန္ဒမျိုး ရှိတတ်ပါသည်။ မိမိ၏ မိခင်ဘာသာစကားကို နိုင်ငံတော်ဘာသာစကား သာမက ကမ္ဘာသုံးဘာသာစကားအထိပါ ဖြစ်စေလိုခြင်း သို့မဟုတ် အခြားသူများက မိမိတို့၏ အစားအသောက်၊ ရိုးရာဝတ်စုံ နှင့် ရိုးရာဂီတကို နှစ်သက်ပေးသည့်အခါ ဝမ်းမြောက်ခြင်းသည် သဘာဝကျသော ဂုဏ်ယူမှုနှင့် အသိအမှတ်ပြုလိုမှု၏ ဆန္ဒကို ထင်ဟပ်နေပါသည်။ လီဆူလူမျိုးတစ်ဦးက လီဆူသီချင်းများကို လူတိုင်းနားထောင်စေလိုခြင်း သို့မဟုတ် ရှမ်းလူမျိုးတစ်ဦးက ရှမ်းရိုးရာများကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံစေလိုခြင်း စသည့် စိတ်ဆန္ဒမျိုးသည် ရဝမ်၊ ဂျိမ်းဖော၊ လော်ဝေါ် စသည့် လူမျိုးစုအားလုံးတွင်လည်း ရှိနေပါသည်။ ထို့အတူ မိမိ၏ အတွေးအမြင်များ၊ အယူအဆများနှင့် ဓလေ့ထုံးတမ်းများကို အခြားသူများက လက်ခံပေးသည့်အခါ နှစ်သက်ကြည်နူးခြင်းသည် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးလိုစိတ်၏ သဘာဝကျသော ဖော်ပြချက်ဖြစ်သည်။
၃။ ယဉ်ကျေးမှု လွှမ်းမိုးမှုနှင့် လွှမ်းမိုးမှု၏ သဘောတရား
ယဉ်ကျေးမှု လွှမ်းမိုးလိုသည့် ဤမွေးရာပါဆန္ဒသည် ရန်လိုသည့် လုပ်ရပ်မဟုတ်ပါ။ ယင်း၏ ပုံစံသည် များသောအားဖြင့် လူဦးရေအားသာချက်၊ ယဉ်ကျေးမှု၏ ခိုင်ခံ့အားကောင်းသော နောက်ခံ သမိုင်းကြောင်း သို့မဟုတ် သို့မဟုတ် ဘာသာစကား၏ မွေးရာပါ "အသုံးပြုရလွယ်ကူမှု" (user-friendliness) နှင့် ဆွဲဆောင်မှုတို့နှင့် ဆက်စပ်နေပါသည်။
သမိုင်းဝင်သာဓကများကို ကြည့်သော် -
၁၃ ရာစု မွန်ဂိုအင်ပါယာသည် စစ်အင်အားကြီးမားသော်လည်း မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုက (user-friendliness) မဖြစ်နေသော်အခါ ၎င်းတို့ သိမ်းပိုက်ခဲ့သော ယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကို သိသိသာသာ ခံခဲ့ကြရသည်။ တိဗက်ကို သိမ်းပိုက်သောအခါ ဗုဒ္ဓဘာသာကို အများအားဖြင့် လက်ခံခဲ့ကြသည်။ မွတ်စလင်နိုင်ငံများသို့ သွားရောက်သိမ်းပိုက်ရာတွင်လည်း ၎င်းတို့၏ မူလ မနီချီယန်ဘာသာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြသည်။ ခရစ်ယာန်နယ်မြေများသို့ ရောက်ရှိချိန်တွင်မူ အချို့မွန်ဂိုများ ခရစ်ယာန်ဘာသာကို လက်ခံခဲ့ကြသည်။ ဤသည်မှာ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပြောင်းလဲမှုများသည် အတင်းအကျပ် ခိုင်းစေမှုကြောင့်သာမကဘဲ၊ လွှမ်းမိုးသော ယုံကြည်မှုစနစ်များ၏ ဆွဲဆောင်မှုနှင့် စုပ်ယူမှုတို့ကြောင့်လည်း ဖြစ်ပေါ်ကြောင်း ပြသသည်။ ယနေ့ခေတ် မွန်ဂိုလီးယားသည် ဗုဒ္ဓဘာသာဝင် အများစု၊ ဘာသာမဲ့များ၊ အစ္စလာမ်ဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင် အနည်းငယ်တို့ဖြင့် ဤသမိုင်းဝင် ရောနှောမှုကို ထင်ဟပ်နေသည်။
မြန်မာနိုင်ငံတွင်လည်း ဒေသတွင်း ရှိရင်းစွဲ ဘာသာရေးယုံကြည်မှုစနစ်များက ခိုင်မာမှုအားနည်းသည်ဖြစ်ရာ နီပေါနိုင်ငံမှ ဗုဒ္ဓဘာသာ၊ အနောက်တိုင်းမှ ခရစ်ယာန်ဘာသာနှင့် အရှေ့အလယ်ပိုင်းမှ အစ္စလာမ်ဘာသာတို့ ဝင်ရောက်လာသောအခါ ရှိရင်းစွဲ ဘာသာရေးယုံကြည်မှုများကို လွမ်းမိုးကာ နေရာယူသွားခဲ့သည်ကို တွေ့ရပါသည်။
ဘာသာစကားသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အင်္ဂလိပ်လူမျိုးများက အင်္ဂလိပ်စာကို အတင်းအကျပ် သင်ခိုင်းခြင်းမျိုး မရှိပါ၊ သို့သော် အထွေထွေသောဗဟုသုတနှင့် ကမ္ဘာလုံးဆိုင်ရာ အဖိုးတန်လေ့လာသင်ယူစရာများက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်ဖြစ်ရာ ယင်းတို့ကို သင်ယူလေ့လာရန်အတွက် မည်သူမျှမခိုင်းစေသော်လည်း အင်္ဂလိပ်စာကို သင်ယူကြခြင်း ဖြစ်ပါသည်။ ဤသည်ကို အင်္ဂလိပ်တို့က တကမ္ဘာလုံးအား အင်္ဂလိပ်မှုပြုနေသည်ဟု ယူဆကြည်မည်မဟုတ်ပေ။ ကချင်ဒေသတွင် ဂျိမ်းဖောဘာသာစကားသည် အခြားမျိုးနွယ်စုခွဲများ (လီဆူ၊ ရဝမ်၊ မရူ) အကြား ပိုမိုနားလည်နိုင်သောကြောင့် အသုံးပြုရလွယ်ကူမှု (user-friendliness) ရှိသောကြောင့် ဘုံဆက်သွယ်ရေး ဘာသာစကားအဖြစ် မကြာခဏ အသုံးပြုကြရသည်။ ထို့အတူ ချင်းမျိုးနွယ်စုခွဲအမျိုးမျိုးတွင် စုစည်းညီညွတ်သော ဘုံဘာသာစကား မရှိခြင်းကြောင့် အုပ်စုအချင်းချင်း ဆက်သွယ်ရန် မြန်မာဘာသာစကားကို အသုံးပြုရလေ့ရှိသည်။ ကချင်အုပ်စုများက ချင်း၊ မွန်၊ ရခိုင် သို့မဟုတ် ရှမ်းကဲ့သို့သော အခြားအဓိက လူမျိုးစုများနှင့် ဆက်သွယ်သည့်အခါ ဗမာဘာသာစကားသည် ပုံမှန်အားဖြင့် အသုံးပြုရမည့် ဘာသာစကား ဖြစ်လာသည်။ မြန်မာပြည်တွင် ဗမာစကားသည်သာ လူအများစုနားလည်သည့် (user-friendliness ဖြစ်သော) စကားဖြစ်သာကြောင့် ဘုံဘာသာစကား အဖြစ် အသုံးပြုလာရခြင်းကို ဗမာမှုပြုသည်ဟု ဗမာများက ယူဆကြမည်မဟုတ်ပေ။
အင်္ဂလိပ်-မြန်မာ ဘာသာပြန်စာအုပ်များ ပေါများခြင်းသည် အင်္ဂလိပ်-ကချင် သို့မဟုတ် အင်္ဂလိပ်-လီဆူ စာအုပ်များထက် ပိုမိုများပြားပြီး ၎င်းသည် အတင်းအကျပ် ခိုင်းစေမှုကြောင့် မဟုတ်ပေ။ ၎င်းသည် မြန်မာစကားပြောသူဦးရေ ပိုမိုများပြားခြင်းနှင့် ၎င်းတို့၏ စာပေထုတ်ဝေမှုနှင့် မြှင့်တင်ရေးတွင် ပိုမိုအားထုတ်ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း ထင်ဟပ်ပြသနေခြင်းပင်ဖြစ်သည်။ ဤလူဦးရေအားသာချက်နှင့် မိမိယဉ်ကျေးမှုအားတက်ကြွစွာမြှင့်တင်မှုတို့ကို သူတစ်ပါးအားရန်လိုသည့် လုပ်ရပ်အဖြစ် မယူဆသင့်ပေ။
၄။ ပြင်ပသို့ အပြစ်လွှဲချခြင်း
(က) ယဉ်ကျေးမှုပျံ့နံ့ခြင်း Culturalizationn ကို ပြစ်တင်ခြင်း
လူဦးရေများသော လူမျိုးစုကြီးများက မိမိတို့၏ ယဉ်ကျေးမှုကို ဖြန့်ချိလိုသည့် ဆန္ဒ Culturalization ကို ဖော်ပြသည့်အခါ၊ ယင်းကို လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း (The Ethnicization of Racialization) သို့မဟုတ် အတင်းအကျပ် ဖိအားပေးမှုအဖြစ် မကြာခဏ မှားယွင်းစွာ သတ်မှတ်ခံရလေ့ရှိသည်။
user-friendliness လိုက်လျောညီထွေမှုနှင့် သုံးစွဲသူများကြိုက်နှစ်သက်မှု - အမှန်စင်စစ်တွင် လူတစ်ဦး၏ ယဉ်ကျေးမှု၊ ဘာသာစကား သို့မဟုတ် ဘာသာတရားတို့က ခိုင်မာလာပြီး အခြားသူများကို လွှမ်းမိုးလာနိုင်ခြင်းသည် လူဦးရေအားသာချက် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အင်အားသက်သက်ကြောင့်မဟုတ်ပဲ၊ ၎င်းတို့စာပေ ယဉ်ကျေးမှု၏ မူလအားသာချက်ဖြစ်သော 'လိုက်လျောညီထွေမှုနှင့် သုံးစွဲသူကြိုက်နှစ်သက်မှု' အပေါ်တွင် ပိုမိုမူတည်ကြောင်းကို နားလည်ထားရပါမည်။ သို့သော် မိမိတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာတရားတို့ကိုလည်း အဆင့်မြှင့်တင်ရန်နှင့် ခိုင်မာ၍ သုံးစွဲသူများကြိုက်နှစ်သက်စေရန် လုပ်ဆောင်ရမည့်အစား အခြားသူများကို "ဗမာမှုပြုတယ်"၊ "ဂျိမ်းဖောမှုပြုတယ်" စသည်ဖြင့် လက်ညှိုးထိုး အပြစ်တင်သည့်အခါတွင် လူမျိူးရေးအသွင်ဆောင်သော ပြဿနာများ ဖြစ်ပေါ်လာရပါတော့သည်။
ယဉ်ကျေးမှု လိုက်လျောညီထွေမှု - ယဉ်ကျေးမှုတစ်ခု၏ အလေ့အထများ၊ ဘာသာစကား သို့မဟုတ် ဓလေ့ထုံးတမ်းများ အခြားသူများအတွက် မွေးရာပါ ဆွဲဆောင်မှုမရှိလျှင် သို့မဟုတ် အလွယ်တကူ ပေါင်းစည်း၍မရလျှင် ၎င်းသည် ကျယ်ပြန့်စွာ လက်ခံမှုကို ရရှိရန် သဘာဝအတိုင်း ရုန်းကန်ရမည်။ ဟမ်ဘာဂါစားသုံးခြင်းကို "အမေရိကန်ယဉ်ကျေးမှုအသွင်ဆောင်ခြင်း" ဟု ဝေဖန်ခြင်းသည် အဓိပ္ပာယ်မရှိပေ၊ လူတို့သည် ၎င်းတို့ကို ဆွဲဆောင်မှုရှိသောကြောင့် စားသုံးကြခြင်းဖြစ်သည်။ ထိုနည်းတူ ဖက်ရှင်ခေတ်ရေစီးကြောင်းများကိုလည်း အတင်းအကျပ် မဟုတ်ဘဲ အလှအပဆိုင်ရာ နှစ်သက်မှုအပေါ် အခြေခံ၍ လက်ခံကျင့်သုံးကြသည်။
ဤသို့ ပြင်ပသို့ အပြစ်ပုံချခြင်းသည် မိမိ၏ စာပေ ယဉ်ကျေးမှုကို ပိုမိုထင်ရှား၍ အများသုံးလွယ်ကူအောင် user-friendliness ဖြစ်အောင် ကြံဆောင်မြင့်တင်ရမည်အစား မိမိ၏အားနည်းချက်ကို ဖုံးကွယ်ရန် အားထုတ်နေခြင်းသာဖြစ်ပြီး အဆုံးတွင် မိမိ၏ ယဉ်ကျေးမှုက ရပ်တန့်သွားခြင်း သို့မဟုတ် ဆုတ်ယုတ်သွားခြင်းကိုသာ ဦးတည်သွားစေမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ကချင်ဒေသတွင် ဂျိမ်းဖောလူမျိုးတစ်ဦးသည် မိမိကိုယ်ကို အခြားလူမျိုးစုများအား "ဂျိမ်းဖောမှုပြုနေသည်" ဟု မခံစားရနိုင်သလို၊ လီဆူလူမျိုးတစ်ဦးသည်လည်း မိမိကိုယ်ကို "လီဆူမှုပြုနေသည်" ဟု မခံစားရနိုင်ပေ။ ထို့အတူ ဗမာလူမျိုးတစ်ဦးသည်လည်း မိမိကိုယ်ကို အခြားလူမျိုးစုများကို "ဗမာမှုပြုနေသည်" ဟု ထင်မည်မဟုတ်ပေ။ ဤသည်မှာ ရည်ရွယ်ထားသော လုပ်ရပ်များနှင့် လက်ခံယူဆသော လုပ်ရပ်များအကြား ကွာဟချက်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။
(ခ) အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမျိုးရေးအယူအဆ
တချို့သော "လူမျိုးရေးဖိနှိပ်မှု" ဟု ယူဆရသော ပြဿနာများစွာသည် တမင်တကာ လူမျိုးရေး သို့မဟုတ် တိုင်းရင်းသားအပေါ် ပစ်မှတ်ထားခြင်း မဟုတ်ပဲ အာဏာရှိသူက ၎င်းအား ထောက်ခံသူအားဦးစားပေးခြင်း (Clientelism) နှင့် ဆွေမျိုးကောင်းစားရေးဝါဒ Nepotism ကို လူမျိုးရေးဖိနှိပ်မှု (သို့) လူမျိုးကြီးဝါဒ ကိုင်စွဲမှုဟု အခြားသောတိုင်းရင်းသားများက ယုံကြည်ခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ Nepotism နှင့် Clientelism ၏သဘာသဘာဝမှာ မည်သည့်အစိုးရမဆို၊ မည် သည့် နိုင်ငံတွင်မဆို၊ အာဏာရသူများသည် မိမိနှင့်နီးစပ်သူ ဆွေမျိုးတော်စပ်သူ၊ မိမိအား ထောက်ခံသူများကို အခွင့်အရေးပေးလိုခြင်းသည် လူ့သဘာဝတစ်ခုပင်ဖြစ်ပါသည်။ မြန်မာပြည်တွင် ဗမာလူမျိုးက လူများစုဖြစ်၍ အာဏာရအများစုမှာလည်း ဗမာလူမျိုးများဖြစ်နေပြီး၊ ၎င်းတို့နဲ့နီးစပ်သူ ဗမာလူမျိုးများအား အခွင့်အရေးပေးခြင်းသည် လူမျိုးရေးခွဲခြားခြင်း (Racialization) သက်သက်မဟုတ်ဘဲ၊ အာဏာရှိသူတို့၏ သဘာဝ (Power Dynamics) သဘောတရားနှင့် ကိုက်ညီခြင်းသာ ဖြစ်ပါသည်။
ဝန်ထမ်းခန့်ထားမှု - အစိုးရနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရာထူးများတွင် တစ်ဦးချင်းစီသည် ဆွေမျိုးများ သို့မဟုတ် ၎င်းတို့၏ ရင်းနှီးသော လူမှုအသိုင်းအဝိုင်းအတွင်းမှ ပုဂ္ဂိုလ်များဖြစ်ကို ဦးစားပေးလေ့ရှိသည့်စရိုက် Nepotism and Clientelism စွဲကပ်နေသည်မှာ ရှေးယခင်က တည်းကပင် ဖြစ်ပါသည်။ ဗမာလူမျိုး အများစုသည် အစိုးရဝန်ထမ်းများအဖြစ် အလုပ်အကိုင် အခွင့်အလမ်းများကို စောစီးစွာ ရရှိခဲ့ခြင်းကြောင့်၊ အစိုးရဝန်ထမ်းရာထူးများတွင် ၎င်းတို့၏ အရေအတွက်အားသာချက်ရှိနေသည်မှာ သဘာဝကျသော အကျိုးဆက်တစ်ခုဖြစ်သည်။ ဤအချက်ကို တိုင်းရင်းသားလူနည်းစုများက "ဗမာမှုပြုခြင်း" သို့မဟုတ် တမင်တကာ ဖယ်ထုတ်ခြင်းဟု မကြာခဏဆိုသလို မှားယွင်းစွာ မှတ်ယူကြသည်။ ဤပြဿနာသည် လူမျိုးရေးဇစ်မြစ်နှင့် သက်ဆိုင်ခြင်းထက် အစိုးရဌာန နှင့် အခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပရော်ဖက်ရှင်နယ်အခန်းကဏ္ဍများတွင် ဗမာလူမျိုးများနေရာပိုမိုရရှိနေခြင်းမှာ သမိုင်းကြောင်းအရ စတင်ခဲ့သည့် အားသာချက်နှင့် ၎င်းတို့နှင့် နီးစပ်သည့် ဆွေမျိုး သို့မဟုတ် ၎င်းတို့အားမြောက်ပင့်ပေးသူများအား ကူညီပေးလိုသည့် လူ့သဘာဝတို့နှင့် ပိုမိုသက်ဆိုင်ပြီး အာဏာရှိသူတို့၏ သဘာဝ (Power Dynamics) သာလျှင်ဖြစ်ပါသည်။
ပြည်တွင်းအားနည်းချက်များကို လျစ်လျူရှုခြင်း - လူတို့သည် မိမိတို့၏အားနည်းချက်များကို မကြာခဏ လျစ်လျူရှုတတ်ကြသည်။ ဥပမာအားဖြင့်၊ ဒေသတစ်ခုတွင် အထည်ချုပ်စက်ရုံများ မရှိခြင်းကိုသာ အာရုံစိုက်ပြီး ကျွမ်းကျင် အထည်ချုပ်သမားများ မရှိခြင်းကို မမြင်ခြင်းသည် အခြေခံကျသော အားနည်းချက်ကို ပြသသည်။ ထိုနည်းတူ အစိုးရအလုပ်အကိုင် အခွင့်အလမ်းမရှိခြင်းကို အပြစ်တင်ပြီး မိမိ၏ ပညာရေးချို့တဲ့မှုကို မမြင်ခြင်းသည်လည်း အဖြစ်များသော အမှားတစ်ခုဖြစ်သည်။
ဤသို့ အပြစ်ကို လွယ်လွယ်ကူကူ ပြင်ပသို့ ပုံချလိုသော သဘောထားသည် မကြာခဏဆိုသလို အစွန်းရောက်သော လုပ်ရပ်များအထိ ဖြစ်ပေါ်စေသည်။ "ဗမာလူမျိုးကြီးဝါဒကို တော်လှန်ရမည်" ဟူသော ရိုးရှင်းသော ကြွေးကြော်သံသည် ပိုမိုနက်ရှိုင်းသော ရှုပ်ထွေးမှုများကို လျစ်လျူရှုကာ လက်နက်ကိုင်ပဋိပက္ခများကို ဦးတည်စေခဲ့သည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခြင်းသည် ၎င်း၏ စစ်မှန်သော ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေကာမူ "ထန်းသီးကြွေခိုက် ကျီးနင်းခိုက်" ဖြစ်သွားခဲ့ပြီး ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။ ၎င်းသည် ဆယ်စုနှစ်များစွာကြာ လက်နက်ကိုင်ပဋိပက္ခများကို ဦးတည်စေခဲ့သည်။
၅။ ၁၉၆၂ လူမျိုးရေးအရတော်လှန်ခြင်းမှ၂၀၂၁ နောက်ပိုင်း ပြောင်းလဲလာသော ဇာတ်ကြောင်း - "စစ်အာဏာရှင်" ဗီလိန် ပေါ်ထွက်လာခြင်း
(က) ကချင်လွတ်လပ်ရေးတပ်မတော်၏ လာရာ (စတင်ရာ/အကြောင်းအရင်း)
ကချင်တော်လှန်ရေး၏ "လာရာ" စတင်ရသည့်အကြောင်းအရင်းမှာ ၁၉၆၁ ခုနှစ်၊ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဦးနုအစိုးရလက်ထက်တွင် မကြိုက်သောအရာ (၃) ခု နှင့် မရရှိသောအရာ (၂) ခု ကြောင့် စတင်ခဲ့ကြခြင်းဖြစ်သည်ဟု ရေးသားထားကြပါသည်။
မကြိုက်တဲ့အချက် ၃ ချက်:
ဗမာအမျိုးသားကြီးစိုးရေးဝါဒကို မကြိုက်သောကြောင့်။
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခြင်းကို မကြိုက်သောကြောင့်။
အင်္ဂလိပ်ကိုလိုနီကျွန်ပြုဝါဒနှင့် ဂျပန်ဖက်ဆစ်စစ်ဝါဒများကို ခရစ်ယာန်ဘာသာရေးဖြင့် ကြီးစိုးအုပ်ချုပ်လာခြင်းကို မကြိုက်သောကြောင့်။
မရရှိတဲ့အချက် ၂ ချက်:
ပင်လုံကတိကဝတ်ကို မြန်မာအစိုးရက မဖြည့်ဆည်းပေးသောကြောင့်။
အောက်မြန်မာပြည်ဒေသနဲ့ တန်းတူဖွံ့ဖြိုးတိုးတက်မယ့် အခွင့်အရေး မရရှိသောကြောင့်။
ဤကချင်တော်လှန်ရေးရဲ့ "လာရာ" (အစတင်ရာ) အချက် ၅ ချက်ကို ကြည့်ရှုသည့်အခါ ယဉ်ကျေးမှုဆိုင်ရာလွမ်းမိုးခြင်း Culturalization မယှဉ်နိုင်ဖြစ်ရာ လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း (The Ethnicization of Racialization) ဖြစ်ပြီး ထိုမှတဆင့် မိမိတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကြင်အင်လက္ခဏာများကို တန်းတူအသိမှတ်ပြုနိုင်ရန် ကြိုးပမ်းရာမှ တော်လှန်ရန်အကြောင်းဖန်လာရခြင်း ဖြစ်သည်ကို တွေ့ရသည်။ ထို့အတူ အခြား တိုင်းရင်းသား များသည်လည်း ၂၀၂၁ ခုနှစ် မတိုင်မီအထိ ၎င်းတို့၏ တိုက်ပွဲကို "ဗမာဖိနှိပ်မှု" သို့မဟုတ် လွှမ်းမိုးသော ဗမာလူမျိုးစုကို ဆန့်ကျင်သော "တန်းတူအခွင့်အရေး" အတွက် တိုက်ပွဲအဖြစ် အဓိကအားဖြင့် ပုံဖော်ခဲ့ကြသည်။
(ခ) တအောင်း Culturalization ၏ ဒေသခံတို့နှင့်ပွတ်တိုက်မှု
၂၀၂၃ ခုနှစ် တွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ အောင်ပွဲအမှတ်လက္ခဏာဖြစ်သော ၁၀၂၇ ဒုတိယ လှိုင်းတွင် တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA က ကွတ်ခိုင်မြို့နှင့် သီပေါမြို့အပါအဝင် မြို့ပေါင်း ၈ ခုကျော်ကို သိမ်းပိုက်ရရှိခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သိမ်းပိုက်ရရှိသော မြို့ရွာများ ရှိ မြို့အဝင်ဆိုင်းဘုတ်များတွင် မူလကရှိခဲ့သော ရှမ်းစာ ရှမ်းယဉ်ကျေးမှုတို့နေရာတွင် ပလောင်စာ ပလောင်ယဉ်ကျေးမှုတို့ကို ဒေသခံရှမ်းလူမျိုးများ၏ သဘောဆန္ဒမပါရှိပဲ အစားထိုးခဲ့ကြသည်။ ထို့အပြင်၎င်းတို့ထိန်းချုပ်ရာဒေသများရှိ စာသင်ကျောင်းများတွင်လည်း ပလောင်စာ သင်ရိုးများကို ထည့်သွင်းသင်ကြားစေခဲ့ကြသည်။ ဤအချင်းအရာများသည် အထက်က ဆိုခဲ့သည့် အတိုင်း လူတိုင်းက မိမိစာပေ ယဉ်ကျေးမှုကို အခြားတိုင်းရင်းသားများအား လွမ်းမိုးလိုသောကြောင့် ဖြစ်ပေါ်လာသော လူမျိုးစုအသွင်မှ လူမျိုးရေးအသွင်ဆောင်လာခြင်း (The Ethnicization of Racialization) ပင် ဖြစ်ပါသည်။ ထို့အပြင် ဤအချင်းအရာသည် ဗမာမှမဟုတ် အခြားမည်သည့် တိုင်းရင်းသားလူမျိုးစုတွင်မဆို မိမိတို့၏ စာပေ ယဉ်ကျေမှုတို့ကို အခြားသူများအား လွမ်းမိုးလိုစိတ်ရှိကြသည်ကို ထပ်မံအတည်ပြုသော ဖြစ်ရပ်လည်း ဖြစ်ပါသည်။
(ဂ) စစ်အာဏာရှင် ဗီလိန်ဇတ်ကောင် ပေါ်ထွက်လာခြင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် အရေးကြီးသော အလှည့်အပြောင်းတစ်ခုကို ဖန်တီးခဲ့သည်။ လူမျိုးရေးအခွင့်အရေးကိုအခြေခံ၍ ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များသည် ဗမာလူမျိုးများ၏ ထောက်ခံမှုကို လိုအပ်လာသည်။ The Ethnicization of Racialization ၏ သဘောသဘာဝသည် မိမိိစာပေ ယဉ်ကျေးမှုကို လွမ်းမိုးရန် အခြေခံသည်ဖြစ်၍ တကယ့်လက်တွေ့တွင် လက်နက်မကိုင်ကြသော ဗမာ နှင့် အခြားတိုင်းရင်းသားများ အကြား တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံ၍မရလောက်အောင် မုန်းတီးကြသည့် အခြေအနေမျိုး မည်သည့်အချိန်တွင်မှ မရှိခဲ့သည်ကို တွေ့ရသည်။ ထိုသို့သောအခြေအနေတွင် လူမျိုးရေးခွဲခြားမှုဖြင့် သွေးချင်းဗမာများကို စည်းရုံးနိုင်ရန် မဖြစ်နိုင်သောအချိန်တွင် "စစ်အာဏာရှင်" ဟူသော ဘုံရန်သူအသစ်တစ်ဦး ပေါ်ထွက်လာရာ အတူတကွပူးပေါင်း၍ တိုက်ပွဲဝင်ကြသည်အထိ စည်းလုံးနေခဲ့ကြပြန်သည်။
(ဃ) ကိုယ်ပိုင်ပြဌာန်းခွင့်မှသည် စစ်အာဏာရှင် ဆန့်ကျင်ရေးဆီသို့ From Self-Determination to Anti-Dictatorship
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) သည် အစ ပထမတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဓိကထား၍ တော်လှန်ရေးကို စတင်ခဲ့ကြသည်။ ၎င်းတို့ တော်လှန်ရေး၏ "လာရာ" (အစတင်ရာ) မှာ ဗမာဖိနှိပ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများကို ဆန့်ကျင်ခြင်းဖြစ်ပြီး၊ နိုင်ငံရေးစနစ်ကို ပြောင်းလဲရန်ထက် တန်းတူအခွင့်အရေးနှင့် ဖက်ဒရယ်စနစ်ကို ရယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးသည့်နောက် နိုင်ငံတော်၏ စီမံပိုင်ခွင့် အရပ်ရပ်ကို မြန်မာ့တပ်မတော်မှ သိမ်းယူလိုက်သောအခါ၊ တော်လှန်ရေး၏ "လားရာ" (ဦးတည်ရာ) သည် "စစ်အာဏာရှင်ဆန့်ကျင်ရေး" သို့ ဦးတည်သွားခဲ့သည်။
ဤအချက်သည် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ရန် အရေးကြီးသော မေးခွန်းတစ်ခုကို ဖြစ်ပေါ်စေသည်။ နှစ်ပေါင်းများစွာ မိမိတို့နယ်မြေများကို လက်နက်ကိုင် ထိန်းချုပ်ထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့ကိုယ်တိုင် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးပုံစံများဖြင့် မဆောင်ရွက်ခဲ့ကြပါလား။ ဗဟိုအစိုးရရှိ ၎င်းတို့ဆန့်ကျင်နေသော စနစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ပြည်တွင်းအုပ်ချုပ်မှုပုံစံများ၌ မကြာခဏဆိုသလို ထင်ဟပ်နေတတ်ပြီး၊ အာဏာကိုလည်း ဒီမိုကရေစီနည်းကျ ပြည်သူ့ထံ တာဝန်ခံခြင်းထက် လက်နက်အင်အားဖြင့်သာ ထိန်းသိမ်းထားသည်ကို တွေ့ရသည်။
ဤသို့ဖြင့် တော်လှန်ရေး၏ "လာရာ" ဖြစ်သော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အားနည်းချက်များကို မဖြေရှင်းနိုင်သေးဘဲ "လားရာ" ဖြစ်သော စစ်အာဏာရှင်ကျဆုံးရေးကိုသာ ဦးစားပေးနေခြင်းသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်လော ဆိုသည်မှာ အလွန်အရေးကြီးသည့် ဝေဖန်သုံးသပ်ရန်လိုအပ် အချက်တစ်ခုဖြစ်ပါသည်။
၆။ ဖြေရှင်းမှုဆီသို့- ပညာရေး၊ နားလည်မှုနှင့် တာဝန်ယူမှု
ယခင်ဆန်းစစ်ချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီလှသော ပဋိပက္ခများကို ဖြေရှင်းရန်မှာ ပညာရေးနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ နက်ရှိုင်းသော ပြောင်းလဲမှု ကို အာရုံစိုက်သည့် ဘက်စုံချဉ်းကပ်မှု လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ယနေ့ကြုံတွေ့နေရသော ပြဿနာများ၏ အဓိကအကြောင်းရင်းမှာ ခေတ်အဆက်ဆက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ ဤသို့ဖြစ်ပေါ်ရခြင်းတွင် အစိုးရ၏ တာဝန်သာမက၊ ဘာသာရေးတွင် သဒ္ဓါတရား ထက်သန်သလောက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်ခဲ့ကြသော ပြည်သူလူထု၏ အခန်းကဏ္ဍသည်လည်း ပါဝင်ခဲ့သည်။
(က) အာဏာရှင်စိတ်ဓာတ်နှင့် ၎င်း၏ဇစ်မြစ်
အာဏာရှင်စနစ်ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်း၏ လုပ်ရပ်သက်သက်မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အတွင်းစိတ်ဝိညာဉ်မှ ပေါက်ဖွားလာသော အာဏာရှင်ဆန်သည့် သဘောထားဖြစ်သည်။ အာဏာရှင်များသည် ရုတ်တရက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ၊ ၎င်းတို့သည် သဘောထားကွဲလွဲမှုများကို လက်မခံနိုင်သော၊ အမှားကို ဝန်ခံလိုစိတ်မရှိသော၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း နည်းပါးသော လူ့အဖွဲ့အစည်းတစ်ခုတွင် ပေါ်ထွက်လာလေ့ရှိသည်။ ဤအခြေအနေမျိုးတွင်၊ လူ့အဖွဲ့အစည်း၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရိုးရှင်းသော အဖြေများကိုသာ ပေးကာ လူထုကို စည်းရုံးနိုင်သောသူများသည် အာဏာရှင်များအဖြစ် ပေါ်ထွက်လာတတ်သည်။
ထို့ကြောင့် အာဏာရှင်စိတ်ဓာတ်ပေါက်ဖွားလာခြင်း၏ မူလဇစ်မြစ်သည် ပညာရေးအားနည်းမှုကြောင့်ဖြစ်သည်ဟု ရဲရင့်ပြတ်သားစွာ ဆိုချင်ပါသည်။ အသိပညာ နည်းပါးလာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို လေးစားမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သဘောထားကွဲလွဲမှုများကို လက်ခံနိုင်စွမ်း စသည့် ဒီမိုကရေစီစံနှုန်းများကို နားမလည်တော့ခြင်းများ ဖြစ်ပေါ်လာသည်။ အဆိုးဆုံးမှာ လူ့စံနှုန်းအရ လုပ်သင့်လုပ်ထိုက်သည်၊ ဖြစ်သင့်ဖြစ်ထိုက်သည် ဟုတ်/မဟုတ် ဝေဖန်ပိုင်းခြားနိုင်စွမ်း ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။ ဤအချက်သည် "စစ်အာဏာရှင်" ပေါ်ပေါက်လာခြင်း၏ အခြေခံအကြောင်းရင်းပင်ဖြစ်သည်။
(ခ) ဉာဏ်ပညာ၏အင်အား – အာဏာရှင်စနစ်ကို ခုခံတိုက်ဖျက်နိုင်သော အမြင့်ဆုံးလက်နက်
မြန်မာနိုင်ငံ၏ ရေရှည်ပြဿနာများကို ဖြေရှင်းရန်အတွက် အာဏာရှင်ကို လက်နက်ဖြင့် အမြစ်ဖြုတ်ချေမှုန်းသည့် နည်းလမ်းထက် ပိုမိုထိရောက်သော လက်နက်တစ်ခု လိုအပ်ပါသည်။ ထိုလက်နက်မှာ ဉာဏ်ပညာဖြစ်ပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုမှသာ ရေရှည်တည်တံ့သော ဖြေရှင်းမှုကို ရှာဖွေနိုင်မည်ဖြစ်သည်။ သမိုင်းတစ်လျှောက် အာဏာရှင်စနစ်များ ကျဆုံးခဲ့ရသည့် အဓိကအကြောင်းရင်းမှာ "ပညာတတ်ပြည်သူများ၏ ခုခံမှု" ကြောင့်ပင် ဖြစ်သည်။
ဗြိတိန်၏ အာဏာထိန်းချုပ်မှု: - ဗြိတိသျှဘုရင်များ၏ အာဏာကို ဥပဒေပညာရှင်များက ပထမဆုံးအကြိမ်အဖြစ် ချုပ်ကိုင်နိုင်ခဲ့သည်။ ထို့အတူ ပါလီမန်စနစ်ကိုလည်း အောက်စဖို့ဒ် (Oxford) နှင့် ကိန်းဘရစ်ချ် (Cambridge) ကဲ့သို့သော တက္ကသိုလ်ကြီးများမှ ပညာရှင်များက ဒီဇိုင်းဆွဲပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးအပြောင်းအလဲများတွင် ဉာဏ်ပညာ၏ အခန်းကဏ္ဍ မည်မျှအရေးပါကြောင်း သက်သေပြနေသည်။
ဂျာမနီ၏ သင်ခန်းစာ - ၁၉၃၃ ခုနှစ်တွင် ဂျာမန်ပြည်သူများ၏ ပျမ်းမျှပညာရေးအဆင့်မှာ ၈ တန်းသာရှိခဲ့ပြီး၊ ၎င်းတို့သည် နာဇီဝါဒ၏ ပရိုပဂန်ဒါ (Propaganda) များကို မကာကွယ်နိုင်ခဲ့ပါ။ ဤသမိုင်းဝင်အမှားမှ သင်ခန်းစာယူကာ ယနေ့ ဂျာမနီနိုင်ငံတွင် အာဏာရှင်ဆန့်ကျင်ရေးပညာရေး (anti-authoritarian education) ကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် အထူးတလည် ထည့်သွင်းသင်ကြားပေးထားသည်။
တောင်ကိုရီးယား၏ ဒီမိုကရေစီကာကွယ်ရေး - တောင်ကိုရီးယားနိုင်ငံသားများ၏ ပညာတတ်မြောက်မှုနှင့် နိုင်ငံရေးအသိပညာ မြင့်မားမှုတို့သည် ၂၀၂၄ တွင် သမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာချက်ကို ဆန့်ကျင်တိုက်ဖျက်နိုင်ခဲ့ပြီး၊ မအောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ခဲ့သည်။ ဤဖြစ်ရပ်သည် ပညာရေးသည် ဒီမိုကရေစီကို ကာကွယ်ရေးတွင် မည်သို့အထောက်အကူပြုပုံကို သရုပ်ပြနေသည်။
ပညာရေးစနစ်အားနည်းမှုအောက်တွင် ကြီးပြင်းလာသူ မည်သူမဆို အုပ်ချုပ်သူဖြစ်လာပါက ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ရှုမည်ဖြစ်သဖြင့် တိုင်းပြည်သည် တိုးတက်မည့်အစား နိမ့်ကျနေမည်သာ ဖြစ်သည်။ ပညာရေးစနစ်က ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စာနာနားလည်မှုနှင့် အကျင့်စာရိတ္တ ကောင်းမွန်မှုကို အားမပေးဘဲ အလွတ်ကျက်စနစ်နှင့် အခွင့်အရေး ရယူမှုများကိုသာ ပံ့ပိုးနေမည်ဆိုလျှင် ထိုစနစ်မှ ပေါက်ဖွားလာသော ခေါင်းဆောင်များသည် ကိုယ်ကျိုးရှာမှုဆီသို့ ဦးတည်နိုင်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ပြဿနာသည် အုပ်ချုပ်သူတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုတည်း၏ အပြစ် ဖြစ်သည်ဟု ဆိုသည်ထက်၊ ခေတ်အဆက်ဆက် ပညာရေးနိမ့်ကျနေမှုကို လျစ်လျူ ရှုခဲ့သည့်စနစ်နှင့် ထိုစနစ်ကြောင့် ဖြစ်ပေါ်လာသော ပြည်သူတို့၏ အသိပညာနှင့် အမြင်ကျဉ်းမြောင်းမှုတို့ ပေါင်းစပ်ထားသည့် နက်နဲသော ပြဿနာတစ်ခုအဖြစ် သုံးသပ်ရမည်ဖြစ်သည်။ ထို့ကြောင့် "အုပ်ချုပ်သူအသစ်ပြောင်းလျှင် တိုင်းပြည်ကောင်းလာမည်" ဟူသော မျှော်လင့်ချက်သည် ပညာရေးစနစ်၏ အားနည်းချက်ကို လျစ်လျူရှုရာ ရောက်နေပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုသည်သာ နောက်ထပ်အာဏာရှင်အသစ် ပေါ်ထွက်လာမည့်အရေးကို ကာကွယ်နိုင်ကာ ရေရှည်တည်တံ့သော ဖြေရှင်းမှုကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။
၇။ နိဂုံးချုပ်
မြန်မာနိုင်ငံ၏ ကြာရှည်သော ပဋိပက္ခများသည် ရိုးရှင်းသော လူမျိုးစုပဋိပက္ခများ မဟုတ်ဘဲ၊ သမိုင်းဝင်မကျေနပ်ချက်များ၊ အာဏာဂတိများ၊ နှင့် အဓိကအကျဆုံးမှာ ပညာရေးချို့တဲ့မှုတွင် အမြစ်တွယ်နေသော နက်ရှိုင်းသည့် နားလည်မှုအားနည်းချက်များတို့မှ ရောယှက်ဖြစ်ပေါ်လာသော ရှုပ်ထွေးသည့် ကိစ္စများဖြစ်သည်။ လူမျိုးစု၏လိုအင်ဆန္ဒများကို လူမျိုးရေးပြဿနာများအဖြစ်ပုံဖော်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားမှုများကို ချဲ့ကားခြင်းသည် လူသားတို့၏ အပြစ်ကို ပြင်ပသို့ ပုံချလိုသော သဘောထားနှင့် ပေါင်းစပ်လိုက်သောအခါ အကြမ်းဖက်မှုနှင့် ကွဲပြားမှုစက်ဝန်းကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။
ယဉ်ကျေးမှုတစ်ခုကို မြှင့်တင်လိုသည့် ဆန္ဒသည် မည်သည့်လူမျိုးစုမဆိုတွင် ရှိနေသော သဘာဝဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုရမည်။ ထို့အတူ အာဏာရှိမှုနှင့် ယဉ်ကျေးမှုတစ်ခု၏ လိုက်လျောညီထွေမှု (user-friendliness) တို့သည် ယဉ်ကျေးမှုလွှမ်းမိုးမှုကို မည်သို့ဖြစ်ပေါ်စေကြောင်း နားလည်သဘောပေါက်ခြင်းဖြင့်သာ ဖျက်ဆီးတတ်သော စွပ်စွဲမှုများကို ရပ်တန့်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဝေဖန်ပိုင်းခြားတွေးခေါ်တတ်သည့် ပညာရေးစနစ်တစ်ရပ်ကို တည်ဆောက်ခြင်းသည် ရေရှည်တည်တံ့သော ဖြေရှင်းမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ အဆုံးစွန်အားဖြင့်၊ မြန်မာနိုင်ငံတွင် စစ်မှန်သော ပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးသည် ပြည်သူများ၏ စုပေါင်းအသိစိတ်ဓာတ်ပေါ်တွင် မူတည်နေပါသည်။ ပညာရေးကို အလေးအနက်ထားလုပ်ဆောင်ခြင်းဖြင့် မိမိတို့၏ ဘက်လိုက်မှုများကို ဝေဖန်ပိုင်းခြားနိုင်မည်။ ထို့အတူ အခြားသူများကို အပြစ်ပုံချခြင်းမှ ရပ်တန့်ပြီး၊ အားလုံးအတွက် သာယာဝပြောပြီး အားလုံးပါဝင်သည့် အနာဂတ်အတွက် ဘုံအမြင်ဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲလုပ်ဆောင်နိုင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးကို ပေါ်ထွန်းစေမည်ဖြစ်သည်။ အမုန်းစကားများကို ရပ်တန့်ပြီး စစ်မှန်သော စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် အချိန်ကျပြီဖြစ်ပါကြောင်း နိဂုန်းချုပ်အပ်ပါသည်။

Article - Jan Khone @ Naw Hkung
2026 July 13
Press Esc to exit editor.



Comments