မောင်လွမ်းဝေ၏ မေးခွန်းငါးခုအား အချက်အလက်နှင့် အရှိတရားဖြင့် ပြန်လည်ဖြေရှင်းခြင်း
ရေးသူ - Jan Khone
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် ISP-Myanmar ၏ ကော်လံတစ်ခုအဖြစ် ဖော်ပြထားသော မောင်လွမ်းဝေ၏ "တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု" ဆောင်းပါးကို စိတ်ဝင်တစား ဖတ်ရှုရပါသည်။
စာရေးသူက မိမိကိုယ်ကိုယ် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လူငယ်သုတေသီတစ်ဦးအဖြစ် မိတ်ဆက်ထားသော်လည်း၊ ၎င်းမေးမြန်းထားသော မေးခွန်း (၅) ခုနောက်ကွယ်မှ လောဂျစ်များနှင့် ကောက်ချက်များသည် သုတေသနအခြေပြု အရှိတရားထက် စိုးရိမ်စိတ်အခြေခံသော ဝါဒဖြန့်ချိရေးပုံစံ (Propaganda) သာ ဖြစ်နေသည်ကို တွေ့ရသဖြင့် တိုင်းပြည်၏ ရေရှည်အနာဂတ်ကို ရှုမြင်သော ပညာရှင်တစ်ဦးအနေဖြင့် အရှိတရားနှင့် ဒေတာအချက်အလက်များကို အခြေခံ၍ အောက်ပါအတိုင်း စနစ်တကျ ပြန်လည်ဆွေးနွေး ချေပလိုက်ရပါသည်။
၁။ မေးခွန်း (၁) ၏ ချေပချက်အပေါ် အရှိတရားအခြေပြု ဓာတ်ခွဲကြည့်ခြင်း
ဆောင်းပါးရှင် မောင်လွမ်းဝေ မေးမြန်းထားသည့် "တရုတ်နိုင်ငံက မြန်မာပြည်မှ လျှပ်စစ်ကို အရေးတကြီး လိုအပ်နေသလား" ဟူသော မေးခွန်းသည် မြစ်ဆုံစီမံကိန်း၏ သမိုင်းကြောင်း မူလသန္ဓေကို မျက်ကွယ်ပြု၍ "တရုတ်ဗဟိုပြုအမြင် (China-centric View)" ဖြင့်သာ ဘောင်သွင်းကြည့်ရှုထားခြင်း ဖြစ်သဖြင့် အခြေခံလောဂျစ်ကတည်းက လွဲမှားနေပါသည်။
ဤစီမံကိန်းကို လေ့လာဆန်းစစ်ရာတွင် တရုတ်နိုင်ငံကို ဗဟိုပြု၍ မကြည့်ဘဲ "မြန်မာနိုင်ငံကိုသာ ဗဟိုပြု၍ (Myanmar-centric)" ကြည့်မြင်ကြရပါမည်။
အကြောင်းမှာ မြစ်ဆုံစီမံကိန်းသည် တရုတ်၏ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နိုင်ငံတော်အစိုးရ (နဝတလက်ထက်) က Mega Hydropower စီမံကိန်း ပြုလုပ်နိုင်မည့် နေရာများကို ကိုယ်တိုင် ရှာဖွေခဲ့ခြင်းမှ စတင်ခဲ့သောကြောင့် ဖြစ်သည်။
သမိုင်းအရှိတရားအရ မြစ်ဆုံဒေသ၌ စီမံကိန်းကြီးကို လုပ်ဆောင်သင့်၊ မလုပ်သင့် ပတ်ဝန်းကျင်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ သုတေသနများကို မြန်မာနိုင်ငံဘက်က အောက်ပါအတိုင်း သုတေသနအဖွဲ့ (၃) ဖွဲ့ဖြင့် စနစ်တကျ ပြုလုပ်ခဲ့ပါသည် -
၂၀၀၀ ပြည့်နှစ် - ဆန်းသစ်ကုမ္ပဏီ (Suntac Technology Co., Ltd.) မှ ပထမဦးဆုံး ကွင်းဆင်းသုတေသနပြုခဲ့သည်။ ၂၀၀၄ ခုနှစ် - ဒေါက်တာလှဌေး ဦးဆောင်သော အထူးပညာရှင်အဖွဲ့မှ ဆက်လက် သုတေသနပြုခဲ့သည်။ ၂၀၀၆-၂၀၀၇ ခုနှစ် - Biodiversity and Nature Conservation Association (BANCA) မှ မြစ်ဆုံပတ်ဝန်းကျင် ဇီဝမျိုးကွဲဆိုင်ရာ သုတေသနများကို ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါ ပြည်တွင်းပညာရှင်အဖွဲ့များ၏ "ဤနေရာတွင် Mega Hydropower စီမံကိန်းကို မဖြစ်မနေ လုပ်ဆောင်သင့်သည်" ဟူသော သုတေသန အကြံပြုချက်များအပေါ် အခြေခံ၍သာ နိုင်ငံတော်မှ Asia World ကုမ္ပဏီအား ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့နောက်မှ CPI ကုမ္ပဏီကို ချိတ်ဆက်ခဲ့ပြီး CPI ဘက်ကလည်း စီမံကိန်း၏ အကျိုးအမြတ်နှင့် ဖြစ်နိုင်ခြေကို (၄) နှစ်နီးပါး သုတေသန ထပ်မံပြုလုပ်ပြီးမှသာ စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ လက်ရှိအခြေအနေကို ကြည့်လျှင်လည်း ဓာတ်အား မလောက်ငှတော့သဖြင့် မြန်မာ့မီးကို မျှော်လင့်နေခြင်းမျိုး လုံးဝမဟုတ်ဘဲ၊ ၎င်းတို့၏ ကာဗွန်အမြောက်အမြား ထုတ်လွှတ်နေသော လောင်စာသုံး (Fossil-fuel) စက်ရုံများကို ရေအားလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) များဖြင့် အစားထိုးရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤစီမံကိန်းကို သမိုင်းအချက်အလက်အရ ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အရ စတင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြတ်ပြတ်သားသား သက်သေပြနေသည် ဖြစ်သည့် အတွက် အကြောင်းအရာများကိုစဉ်းစားမည်ဆိုပါက မြန်မာကိုဗဟိုထား၍ စဉ်းစားရမည်ဖြစ်ပါသည်။
၂။ မေးခွန်း (၂) ဖြေကြားခြင်း
ဆောင်းပါးရှင် မောင်လွမ်းဝေ မေးမြန်းထားသည့် "မြစ်ဆုံပြီးလျှင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရမှာလား၊ ဓာတ်အားလိုင်း မကောင်းသဖြင့် မီးမဖြန့်နိုင်ပါ" ဟူသော မေးခွန်းအပေါ် -
> "မြစ်ဆုံစီမံကိန်း ပြီးစီးသွားသည့်အခါ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း" ပြတ်ပြတ်သားသား ဖြေကြားလိုပါသည်။ အကြောင်းမှာ စီမံကိန်းပြန်စခဲ့သော် ထွက်ရှိလာမည့်ဓာတ်အားများကို မြန်မာပြည်ကိုသာလျှင် အဓိကရောင်းချသွားမည်ဖြစ်ပြီး ပိုလျှံမှသာလျင် တခြားနိုင်ငံကိုပြန်လည်ရောင်းချမည်ဟု သိရှိထားသောကြောင့်ပင်။
> ဓာတ်အားလိုင်း ဆုံးရှုံးမှု ၃၀ ရာခိုင်နှုန်းခန့် ရှိနေခြင်းကို အကြောင်းပြကာ ဓာတ်အားပေးစက်ရုံ မဆောက်သင့်ဟု ဆိုခြင်းမှာ အခြေခံ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ယုတ္တိဗေဒ (Infrastructure Engineering Logic) ကို လုံးဝ မျက်ကွယ်ပြုထားခြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်စက်မှုခေတ်တွင်မဆို "လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စက်ရုံကြီးများကို အရင်မတည်ဆောက်ဘဲ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများကို အရင်ဦးဆုံး သွယ်တန်းသည့် ဖြစ်စဉ်မျိုး" မည်သည့်အခါမျှ မရှိခဲ့ဖူးပါ။
ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီး၍ ပင်မဓာတ်အား (Base Load) စတင်ထွက်ရှိလာမှသာလျှင် ထိုထွက်ရှိလာသော စွမ်းအင်ပမာဏကို သယ်ယူပို့လွှတ်ရန်အတွက် လိုအပ်သည့် ဒေသအသီးသီးသို့ ခေတ်မီစံချိန်စံညွှန်းမီ မဟာဓာတ်အားလိုင်း (National Grid System) များကို တစ်ပါတည်း တိုးချဲ့သွယ်တန်း တည်ဆောက်သွားကြရခြင်း ဖြစ်သည်။
ဓာတ်အားလိုင်း မရှိသေးခြင်း သို့မဟုတ် ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရန် လိုအပ်နေခြင်းကို အကြောင်းပြပြီး တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ်အားပေးစက်ရုံကြီးများ မတည်ဆောက်ရဟု ပိတ်ဆို့ဟန့်တားခြင်းမှာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဆိုးမြင်စိတ္တဇဖြင့် ပိတ်ဆို့လိုသော တကယ်ကို ရူးကြောင်ကြောင် တွေးခေါ်မှုမျိုးသာ ဖြစ်ပါသည်။
၃။ မေးခွန်း (၃) အား စီးပွားရေးအရှိတရားဖြင့် ရှင်းလင်းခြင်း
ဆောင်းပါးရှင် မောင်လွမ်းဝေ စိုးရိမ်တကြီး မေးမြန်းထားသည့် "အကြွေးယူဆောက်ရသဖြင့် တိုင်းပြည် ဝင်ငွေမတိုးဘဲ အကြွေးထောင်ချောက်ထဲ ရောက်သွားမည်" ဟူသော မေးခွန်းသည် အခြေခံ စီးပွားရေးလုပ်ထုံးလုပ်နည်းနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်ပုံစံများကို နားမလည်ဘဲ အနောက်နိုင်ငံသုံး ဝေါဟာရများကို အလွယ်တကူ ကူးယူစွပ်စွဲထားခြင်းသာ ဖြစ်သည်။
ဤမေးခွန်းအတွက် -
> "မြစ်ဆုံစီမံကိန်းသည် နိုင်ငံတော်က နိုင်ငံခြားချေးငွေ (Loan) ရယူပြီး အကြွေးတင်ခံကာ တည်ဆောက်မည့် စီမံကိန်းမျိုး လုံးဝ (လုံးဝ) မဟုတ်ပါ" ဟု ပြတ်သားစွာ တုံ့ပြန်လိုပါသည်။
> ဒုတိယမေးခွန်းတွင်လည်း ရှင်းလင်းခဲ့ပြီးဖြစ်သကဲ့သို့—မြစ်ဆုံစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားအားလုံးကို မြန်မာနိုင်ငံတွင်းသို့သာ အဓိကထား ရောင်းချသွားမည်ဖြစ်ပြီး၊ ပြည်တွင်းသုံးစွဲမှုထက် ပိုလျှံသည့် ပမာဏရှိမှသာလျှင် အခြားနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အကြိမ်ကြိမ် တရားဝင် ရှင်းပြခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အရေးအကြီးဆုံး သိထားသင့်သည်မှာ မြစ်ဆုံစီမံကိန်းသည် ဆောင်းပါးရှင် ပြောသကဲ့သို့ မြန်မာပြည်က တရုတ်နိုင်ငံဆီကနေ ချေးငွေယူပြီး တည်ဆောက်မည့် စီမံကိန်းမဟုတ်ဘဲ "BOT (Build-Operate-Transfer)" စနစ်ဖြင့်သာ ဖော်ဆောင်မည့် စီမံကိန်း ဖြစ်သည်။
ဆိုလိုသည်မှာ တည်ဆောက်ရေးအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး (Investment Capital) အားလုံးကို ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဘက်ကသာ ရာနှုန်းပြည့် တာဝန်ယူ စိုက်ထုတ်ရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် တစ်ပြားတစ်ချပ်မျှ အကြွေးယူရန် သို့မဟုတ် စိုက်ထုတ်ရန် မလိုပါ။
သတ်မှတ်ထားသော စာချုပ်သက်တမ်း ကုန်ဆုံးပါက စီမံကိန်းတစ်ခုလုံးကို မြန်မာနိုင်ငံတော်သို့ အခမဲ့ တရားဝင် လွှဲပြောင်းပေးရမည့် စနစ်ဖြစ်သဖြင့် "အကြွေးထောင်ချောက်" ဟူသော စွပ်စွဲချက်သည် စတင်ကတည်းက လုံးဝ လွဲမှားနေသည်။
ထို့ကြောင့် နိုင်ငံတော်ဘက်က အကြွေးတင်စရာမလိုဘဲ ဧရာမ စွမ်းအင်အရင်းအမြစ်ကြီးကို အခမဲ့ ပိုင်ဆိုင်ခွင့်ရရှိမည့်အပြင်၊ ပြည်တွင်းရှိ စက်မှုဇုန်များနှင့် လုပ်ငန်းကဏ္ဍပေါင်းစုံကိုပါ တိုက်ရိုက် လည်ပတ်စေနိုင်မည် ဖြစ်သဖြင့် တိုင်းပြည်စီးပွားရေး ချက်ချင်း လက်ငင်း တိုးတက်လာရန်အတွက် အကြီးမားဆုံးသော တွန်းအား ဖြစ်လာမည်မှာ သေချာပါသည်။
၄။ မေးခွန်း (၄) အား နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရှိတရားဖြင့် ပြတ်သားစွာ တုံ့ပြန်ခြင်း
ဆောင်းပါးရှင် မောင်လွမ်းဝေ ရေးသားထားသော စတုတ္ထစာပိုဒ်ကို လေ့လာကြည့်ရာတွင် အခြေခံကျသော လွဲမှားချက် ၃ ခုကို ဖုံးကွယ်မရအောင် တွေ့ရှိရပါသည် -
ပထမဦးစွာ၊ စာရေးသူက ခေါင်းစဉ်တွင် "မေးခွန်းငါးခု" ဟု တပ်ထားသော်လည်း ၎င်း၏ စတုတ္ထစာပိုဒ်တစ်ခုလုံးတွင် မေးခွန်းသင်္ကေတ (?) တစ်ခုမျှ ပါဝင်မလာဘဲ အခြေအမြစ်မရှိသော စွပ်စွဲချက်သက်သက်ကိုသာ လေပတ်တိုက် ရေးသားထားခြင်း ဖြစ်သည်။
ဒုတိယမှာ "ကျွန်တော်တို့နိုင်ငံတွင် ကြပ်မတ်နိုင်မည့် ဥပဒေ၊ မူဝါဒမူဘောင်များနှင့် ဘေးအန္တရာယ်ကာကွယ်ရေး အစီအမံကောင်းများ မရှိသေးပါ" ဟု ဆိုခြင်းမှာ ၎င်းကိုယ်တိုင် မိမိနိုင်ငံ၏ လက်ရှိဥပဒေများနှင့် စည်းမျဉ်းများကို လုံးဝ (လုံးဝ) လေ့လာထားခြင်းမရှိသည့်အပြင် ပြည်သူ့ရေးရာ သုတေသီတစ်ဦးအဖြစ် ခံယူထားပြီး နိုင်ငံ့အခြေအနေကို သိနားလည်မှု ကင်းမဲ့နေကြောင်း ပေါ်လွင်ထင်ရှားနေသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ "ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ECD)" က ချမှတ်ထားသော တင်းကျပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ EIA/SIA (Environmental and Social Impact Assessment) ဆိုင်ရာ လုပ်ငန်းစဉ် မူဝါဒ မူဘောင်များနှင့် ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နည်းပညာစံနှုန်းများ အခိုင်အမာ ရှိပြီးသား ဖြစ်သည်။
တတိယကား "မရေရာသော အာမခံချက်များအပေါ် အခြေခံပြီး မြစ်ဆုံကို ဆောက်လုပ်ခြင်းသည် မိုင်းဗုံးထောင်ခြင်းနှင့် တူသည်" ဟု ရေးသားထားခြင်းမှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပကတိအရှိတရား (Financial Reality) ကို ကလေးကလားထင်၍ မျက်ကွယ်ပြုထားခြင်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်းသည် ယခင်ကတည်းက ဒေါ်လာ ၃.၆ ဘီလီယံ (ယခုခေတ် ငွေကြေးဖောင်းပွမှုနှုန်းနှင့် တွက်ချက်လျှင် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံခန့်) အထိ တန်ဖိုးရှိသော ဧရာမ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုကြီး ဖြစ်သည်။
ဤနေရာတွင် ဆောင်းပါးရှင်ကို ပြန်လည်မေးခွန်းထုတ်လိုသည်မှာ -
> "မည်သည့် ရေရာမှု၊ မည်သည့် အာမခံချက်နှင့် နည်းပညာလုံခြုံမှုမျှ မရှိဘဲနှင့် မည်သည့် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီ၊ မည်သည့် ရင်းနှီးမြှုပ်နှံသူက
အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံကို ရေထဲပစ်ချသကဲ့သို့ စွန့်စားပြီး လာရောက်ရင်းနှီးမြှုပ်နှံရဲပါ့မလား ?"
> ဒေါ်လာ ဘီလီယံနှင့်ချီ၍ စိုက်ထုတ်ရမည့် ရင်းနှီးမြှုပ်နှံသူများဘက်က ၎င်းတို့၏ ငွေကြေးများ ဆုံးရှုံးမသွားစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ခိုင်မာမှု၊ အင်ဂျင်နီယာဒီဇိုင်းပိုင်းဆိုင်ရာ စံနှုန်းများနှင့် ဘူမိဗေဒဆိုင်ရာ လုံခြုံမှု (Seismic Analysis) များကို နှစ်ပေါင်းများစွာ အသေးစိတ် တွက်ချက်ပြီးမှသာ လုပ်ငန်းစတင်ခြင်း ဖြစ်သည်။
သိပ္ပံနည်းကျ လေ့လာမှုများ၊ ဘီလီယံချီသော စီးပွားရေးလောဂျစ်များကို ဘေးဖယ်ကာ "မိုင်းဗုံးထောင်သည်" ဟု လူပြိန်းကြိုက် ရေးသားခြင်းမှာ အခြေအမြစ်မရှိ စိတ်ကူးယဉ် ဝါဒဖြန့်ခြင်း သက်သက်သာ ဖြစ်သည်။
၅။ မေးခွန်း (၅) အား ပကတိအရှိတရားဖြင့် ပြတ်သားစွာ တုံ့ပြန်ခြင်း
ဆောင်းပါးရှင် မောင်လွမ်းဝေ မေးမြန်းထားသည့် ပဉ္စမမြောက် မေးခွန်းသည် "ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ ဖြစ်မှာလား?" ဟု ခေါင်းစဉ်တပ်ထားသော်လည်း၊ လက်တွေ့တွင် ဆောင်းပါးရှင်ကိုယ်တိုင်က ကချင်နှင့် ဗမာ တိုင်းရင်းသားအချင်းချင်းကြားတွင် ရည်ရွယ်ချက်ရှိရှိ ရန်တိုက်ပေးကာ သွေးခွဲလှုံ့ဆော်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရသည်။
၎င်း၏ စာသားများတွင် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီးနှင့်တကွ တိုင်းရင်းသား ယဉ်ကျေးမှုများပါ ချက်ချင်း ကွယ်ပျောက်သွားတော့မည့်အလား မည်သည့် သိပ္ပံနည်းကျ အကြောင်းပြချက်၊ မည်သည့် ခိုင်လုံသော ဒေတာမျှ မရှိဘဲ အခြေအမြစ်မရှိ စွပ်စွဲဖော်ပြထားသည်။ ဤသည်မှာ လူထု၏ စိုးရိမ်စိတ်နှင့် မျိုးချစ်စိတ်ကို နိုင်ငံရေးအရ အလွဲသုံးစားလုပ်ရန် ကြိုးပမ်းသော လုပ်ရပ်သက်သက်သာ ဖြစ်သည်။
ဤနေရာတွင် ပကတိအရှိတရားကို ပြန်လည်ကောက်ရလျှင် - ရေရှည်ကို မျှော်မတွေးဘဲ မဟာဗျူဟာမြောက် ဖွံ့ဖြိုးရေးစီမံကိန်းကြီးကို အဖျက်သဘောဖြင့်သာ တစာစာအော်၍ ကန့်ကွက်နေခြင်းသည် မိမိနိုင်ငံကို ဆင်းရဲတွင်းထဲမှ လုံးဝရုန်းမထွက်နိုင်အောင် နောက်ကွယ်မှ ဆွဲချနေခြင်းသာ ဖြစ်သည်။
မြစ်ဆုံဒေသသည် ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု သရုပ်သကန် ဖြစ်သကဲ့သို့ ဧရာဝတီမြစ်သည်လည်း မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် "ဖြစ်တည်မှု" ဟူသည်မှာ မိမိတို့ဒေသ၏ ဆင်းရဲမွဲတေမှု၊ လျှပ်စစ်မီးမရှိမှုနှင့် ခေတ်နောက်ကျကျန်ရစ်မှုတို့ကို အမြဲတမ်း ဖက်တွယ်ထားခြင်းကို မဆိုလိုပါ။ (ကျွန်ုပ်တို့ အမြဲတမ်းဆင်းရဲနေခြင်းကသာကျွန်ုပ်တို့၏ 'ဖြစ်တည်မှု' အမှန် လော့ !)
စစ်မှန်သော ဖြစ်တည်မှု၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာဆိုသည်မှာ - မိမိတို့ဒေသခံ လူငယ်လူရွယ်များ စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားသို့ သွားရောက်ကာ ကျွန်ခံစရာမလိုဘဲ၊ မိမိတို့မြေပေါ်တွင် ခေတ်မီစက်မှုဇုန်များ၊ အဆင့်မြင့်အလုပ်အကိုင်များနှင့် အရည်အသွေးမြင့်မားသော လူနေမှုဘဝများကို ကိုယ်တိုင် ဖန်တီးပိုင်ဆိုင်နိုင်ခြင်းသာ ဖြစ်သည်။
မြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်နှင့်တကွ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စီးပွားရေးအရ အတူတကွ ပူးပေါင်းလက်တွဲကာ တိုးတက်စေမည့် စီမံကိန်းဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးကို အမှန်တကယ် အထောက်အပံ့ဖြစ်စေမည့် တည်ဆောက်ရေး မဏ္ဍိုင်ကြီးသာလျှင် ဖြစ်သည်။
အတိုချုံး၍ ပြောရသော်—
ဆောင်းပါးရှင် မောင်လွမ်းဝေ၏ မေးခွန်း ၅ ခုစလုံးသည် လေ့လာမှုမယ်မယ်ရရမရှိဘဲ မေးမြန်းထားခြင်းဖြစ်သည့်အပြင်၊ နိုင်ငံအပေါ် စေတနာမပါဘဲ မုန်းတီးရေးကိုသာ အခြေခံ၍ ရေးသားထားသော လူပြိန်းကြိုက် ခေတ်ပျက်ဆောင်းပါးတို တစ်ပုဒ်သာလျှင် ဖြစ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ဖြေရှင်းပေးလိုက်ပါသည်။




Comments