ဒေါ်အောင်ဆန်းစုကြည်သာဆိုရင် မြစ်ဆုံစီမံကိန်းကို ပြန်စမှာလား ?
ရေးသူ - Jan Khone
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်လျှင် ကျွန်ုပ်တို့ လူထုကြား၌ အချို့သောသူများက ယနေ့တိုင် ခံစားချက်ပြင်းပြစွာဖြင့် ငြင်းခုံဆဲဆိုနေကြဆဲ ဖြစ်သည်။ "မြစ်ဆုံဆောက်မှ တိုးတက်မှာလား"၊ "မြစ်ဆုံဆောက်မှ မီးရမှာလား" ဟု မေးခွန်းထုတ်ကာ ဖွံ့ဖြိုးရေးစီမံကိန်းမှန်သမျှကို နိုင်ငံရေးမျက်မှန်တပ်၍ ကန့်ကွက်နေသူများ ရှိသကဲ့သို့၊ အနာဂတ်စက်မှုခေတ်အတွက် စွမ်းအင်လိုအပ်ချက်ကို မြော်တွေးနေသူများလည်း ရှိသည်။
ဤနေရာတွင် မေးစရာမေးခွန်းတစ်ခု ရှိလာသည်။ အကယ်၍သာ နိုင်ငံရေးအပြောင်းအလဲများ မရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံ့ဦးဆောင်သူအဖြစ် ဆက်ရှိနေမည်ဆိုပါက... သူမသည် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်မှာလား?
ဤမေးခွန်းအတွက် အဖြေကို စိတ်ကူးယဉ်ချက်များဖြင့် မဟုတ်ဘဲ၊ လွန်ခဲ့သော ၂၀၁၉ ခုနှစ် ပဲခူးတိုင်း ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့မှောက်၌ တရားဝင် ပြောကြားခဲ့သည့် သမိုင်းဝင် စကားရပ်များဖြင့် အရှိတရားအတိုင်း ဓာတ်ခွဲကြည့်ကြစို့။
“မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ဘယ်လိုပဲကြီးကျယ်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ကျွန်မတို့ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေပြီးတော့ စဉ်းစားစေချင်ပါတယ်။ အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်၊ ဘာ့ကြောင့် ဆိုတာရှင်းပြမှာ ဖြစ်ပါတယ်။ အရင်တုန်းက စတင်ခဲ့တဲ့စီမံကိန်းကြီးတွေကို ကျွန်မတို့ ကနေပြီးတော့၊ ကျွန်မတို့အစိုးရတက်ပြီ ၊ ဘယ်ဟာမှဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ်ဆိုပြီး ပြောလို့မရဘူး။ အဲ့ဒိလိုလုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံမဟုတ်ဘူး။ အစိုးရတစ်ခုတက်ရင်တစ်မျိုး။ ငါတို့ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားရင် ကျွန်မတို့နိုင်ငံကို ထိခိုက်တတ်တယ်”
ဒေါ်အောင်ဆန်းစုကြည် (၂၀၁၉-၃-၁၄)၁။ ကမ္ဘာ့ယုံကြည်မှုနှင့် စကားတည်ရမည့် ပထဝီနိုင်ငံရေးအရှိတရား
အချို့က အစိုးရပြောင်းလျှင် ယခင်စာချုပ်များကို ဂရုစိုက်စရာမလိုဘဲ အလွယ်တကူ ဖျက်ပစ်နိုင်သည်ဟု ထင်ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့သော ကလေးကလား အတွေးမျိုးကို ပြတ်ပြတ်သားသား သတိပေးခဲ့သည်။ သူမက -
"အရင်တုန်းက စတင်ခဲ့တဲ့စီမံကိန်းကြီးတွေကို ကျွန်မတို့ ကနေပြီးတော့၊ ကျွန်မတို့အစိုးရတက်ပြီ ၊ ဘယ်ဟာမှဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ်ဆိုပြီး ပြောလို့မရဘူး။ အဲ့ဒိလိုလုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံမဟုတ်ဘူး။ အစိုးရတစ်ခုတက်ရင်တစ်မျိုး။ ငါတို့ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားရင် ကျွန်မတို့နိုင်ငံကို ထိခိုက်တတ်တယ်" ဟု ဆိုခဲ့သည်။ နိုင်ငံတကာစာချုပ် (Sovereign Contract) များသည် အစိုးရတစ်ခုချင်းစီနှင့် ချုပ်ဆိုခြင်းမဟုတ်ဘဲ "မြန်မာနိုင်ငံတော်" အဆင့် ချုပ်ဆိုထားခြင်း ဖြစ်သည်။ အစိုးရပြောင်းတိုင်း စာချုပ်ဖျက်ပါက ကမ္ဘာက မြန်မာ့အစိုးရများကို ယုံကြည်တော့မည်မဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်တန့်ကာ တိုင်းပြည်စီးပွားရေး အထိုင်ပျက်သွားမည်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် အမြော်အမြင်ကြီးစွာ မြင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စာချုပ်ပါ ကတိကဝတ်များအရ မြစ်ဆုံစီမံကိန်းကို ဖျက်ဆီးပစ်ရန်ထက် ပြန်လည်စတင်ရန် စဉ်းစားခဲ့ခြင်းက ပို၍ သဘာဝကျသည်။
၂။ အချက်လေးချက်ကို ချိန်ထိုးရမည့် မဟာဗျူဟာအမြင်
ဆန့်ကျင်ကန့်ကွက်သူအများစုသည် "သဘာဝပတ်ဝန်းကျင် ပျက်စီးမည်" ဆိုသည့် အချက်တစ်ခုတည်းကိုသာ ဇောင်းပေးပြီး တရားသေ ဆွေးနွေးနေကြသည်ကို တွေ့ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းကြီးများကို ဆုံးဖြတ်ရာတွင် အလုံးစုံခြုံငုံကြည့်ရမည်ဖြစ်ကြောင်း၊ တစ်ချက်တည်းကို အလေးပေးစဉ်းစားပါက မှားယွင်းနိုင်ကြောင်း ပြတ်ပြတ်သားသား လမ်းညွှန်ခဲ့သည်။
"စီမံကိန်းများအတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် အချက်လေးချက်ကို ဘက်မျှအောင် ချိန်ထိုးစဉ်းစားနေကြောင်း၊ တစ်ချက်တည်းကို အလေးပေးစဉ်းစားပါက မှားယွင်းနိုင်ကြောင်း" ဟု ဆိုခဲ့ပါသည်။ခေါင်းဆောင်တစ်ဦး၏ အမြင်ဖြင့် သူမ ထောက်ပြခဲ့သည်မှာ -
စီးပွားရေး (Economy) - တိုင်းပြည်၏ စီးပွားရေး တိုးတက်လာရန်အတွက် အခြေခံအဆောက်အအုံနှင့် စွမ်းအင်ကဏ္ဍကို မဖြစ်မနေ ကြည့်ရမည်။
လူမှုရေး (Social) - လူထု၏ လူမှုပတ်ဝန်းကျင် တိုးတက်လာရေး၊ လူငယ်များ အလုပ်အကိုင်ရရှိရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် အားကိုးရမည့် စက်မှုဇုန်များ ပေါ်ပေါက်လာရန် လိုအပ်သည်။
နိုင်ငံရေး (Politics) - နိုင်ငံတကာ ကတိကဝတ်များကို ဖျက်ဆီးပါက ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ မျက်နှာငယ်ရမည့်အရေးကို ထည့်သွင်းစဉ်းစားရမည်။
ပတ်ဝန်းကျင်တစ်ခုတည်းကို အကြောင်းပြပြီး လျှပ်စစ်မီးမရှိဘဲ နေမည်ဆိုပါက တိုင်းပြည်စီးပွားရေးလည်း တက်လာမည်မဟုတ်၊ လူငယ်များအတွက် အလုပ်အကိုင်လည်း ပေါ်လာမည်မဟုတ်ဘဲ နိုင်ငံခြားတွင်သာ ကျွန်ခံနေကြရဦးမည်။ ထို့ကြောင့် ဤအချက်လေးချက်ကို မျှမျှတတ ချိန်ထိုးလိုက်လျှင် မြစ်ဆုံဆည်သည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှုမြင်ခဲ့ခြင်းဖြစ်သည်။
အရှိတရားကို ကြည့်ကြပါစို့။ ကျွန်ုပ်တို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၅% ကျော်နှုန်းဖြင့် စဉ်ဆက်မပြတ် တိုးတက်နေပြီး၊ အနာဂတ် စွမ်းအင်လိုအပ်ချက် ခန့်မှန်းခြေ တွက်ချက်မှုများ (Energy Forecasting) အရ -
၂၀၂၆ ခုနှစ်တွင် ၅,၇၀၀ မီဂါဝပ် (5,700 MW)
၂၀၂၇) ခုနှစ်တွင် ၆,၅၅၅ မီဂါဝပ် (6,555 MW)
၂၀၂၈ ခုနှစ်တွင် ၇,၅၃၈ မီဂါဝပ် (7,538 MW)
နှင့် မြစ်ဆုံဆည် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးမည့် ၂၀၃၄ ခုနှစ်သို့ ရောက်ရှိချိန်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၁၈,၆၈၆ မီဂါဝပ် (18,686 MW) အထိ အဆမတန် မြင့်တက်လာတော့မည် ဖြစ်သည်။
ကျွန်ုပ်တို့ ကချင်ပြည်နယ်တစ်ခုတည်းတွင်ပင် နမ်ကျင်မ်စက်မှုဇုန်နှင့် မြို့ပြစီမံကိန်းများကို အကောင်အထည်ဖော်ရန် ရှိရာ ထိုသို့သော အလယ်အလတ် စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ မြောက်များစွာနှင့် ဟိုတယ်ဇုန်များ လည်ပတ်ရန်အတွက် အနည်းဆုံး လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁,၀၀0 မှ ၂,၀၀၀ အထိ လိုအပ်လာပါမည်။ ဤမျှကြီးမားသော ဓာတ်အားပမာဏကို လက်ရှိ ကချင်ပြည်နယ်ထဲက ချီဖွေငယ်၊ မလိ သို့မဟုတ် ဒဘတ်ချောင်းကဲ့သို့သော မီဂါဝပ် ၁၅၀ မကျော်သည့် အသေးစားဆည်များဖြင့် ဘယ်လိုမှ မဖြည့်ဆည်းပေးနိုင်ပါ။
နိုင်ငံတစ်ဝန်း စက်မှုဇုန်များ၊ ဟိုတယ်ဇုန်များနှင့် ကုန်ထုတ်လုပ်မှု ကွန်ရက်ကြီးတစ်ခုလုံး လည်ပတ်ရန်အတွက် မြစ်ဆုံကဲ့သို့သော မီဂါဝပ် ၆,၀၀၀ ရှိသည့် အကြီးစားစီမံကိန်းမှ ရမည့် ပင်မဓာတ်အား (Base Load) ကလွဲ၍ အခြားနည်းလမ်းမရှိပါ။
မီးမရှိလျှင် စက်မှုဇုန် ပေါ်မလာပါ။ စက်မှုဇုန်မရှိလျှင် လူငယ်များအတွက် အလုပ်အကိုင် မရှိပါ။ အလုပ်အကိုင်မရှိလျှင် လူငယ်များသည် နိုင်ငံခြားသို့ ကျွန်ခံရန် ထွက်ခွာကြရဦးမည် ဖြစ်သည်။ ထို့ကြောင့် "စီးပွားရေး" (လျှပ်စစ်မီးရရှိမှု) နှင့် "လူမှုရေး" (လူငယ်များအလုပ်အကိုင်ရရှိမှု) ကို ချိန်ထိုးမည်ဆိုပါက မြစ်ဆုံဆည်သည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ခြင်းဖြစ်သည်။
၃။ အစိုးရ၏ တာဝန်ယူမှုနှင့် အမြင်ကျယ်ကျယ် စဉ်းစားခြင်း
ဒေါ်အောင်ဆန်းစုကြည်က လူထုကို ဤသို့လည်း တိုက်တွန်းခဲ့သည် -
“မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ဘယ်လိုပဲကြီးကျယ်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ကျွန်မတို့ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေပြီးတော့ စဉ်းစားစေချင်ပါတယ်။ အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်၊ ဘာ့ကြောင့် ဆိုတာရှင်းပြမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုခဲ့ပြန်သည်။ဤအချက်သည် သာမန်မျက်စိဖြင့် ကြည့်ပါက သံတမန်ဆန်ဆန် ကြားနေပြောသွားသည့် စကားဟု ထင်ရသော်လည်း၊ Macro-level Policy အရရော၊ တိုင်းပြည်၏ လက်ငင်းအခြေအနေများဖြင့်ပါ ချိတ်ဆက်ကြည့်ပါက အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
(က) စီမံကိန်းကို ပြန်လည်စတင်ရန်အတွက် စိတ္တဗေဒအရ လမ်းခင်းခြင်း
အကယ်၍ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ မြစ်ဆုံစီမံကိန်းကို လုံးဝဖျက်သိမ်းပစ်ရန် ရည်ရွယ်ချက်ရှိခဲ့ပါက ပြည်သူလူထုအား "အမြင်ကျယ်ကျယ်ထားရန်နှင့် အဘက်ဘက်မှ ချိန်ထိုးစဉ်းစားရန်" ဟု စိတ္တဗေဒနည်းအရ တိုက်တွန်းနှိုးဆော်နေစရာ အကြောင်းရင်းမရှိပါ။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ထိုစဉ်ကနိုင်ငံ့ခေါင်းဆောင်၏ မိန့်ခွန်းသည် စီမံကိန်းကို နည်းလမ်းတကျ ပြန်လည်စတင်တော့မည်ဖြစ်သောကြောင့် လူထုကြား၌ အမြစ်တွယ်နေသော ကန့်ကွက်လိုစိတ် အရှိန်အဟုန်ကို ကြိုတင်လျော့ပါးသွားစေရန် မဟာဗျူဟာမြောက် လမ်းခင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
(ခ) ပြည်သူလူထု၏ အတွေးအမြင်ကို ခခံစားချက်ဝါဒမှ အရှိတရားအမြင်သို့ ပြောင်းလဲစေခြင်း
"အမြင်ကျယ်ကျယ် ထားရှိကြရန်" ဟူသော ကုန်းနှိုးချက်သည် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေဟူသည့် အချက်တစ်ချက်တည်းအပေါ်၌သာ အစွဲအလမ်းကြီးစွာ ကွက်ကြည့်ကန့်ကွက်နေသော "အမြင်ကျဉ်းမြောင်းမှု (Tunnel Vision)" ကို ဖျောက်ဖျက်ရန် တိုက်ရိုက်မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဒေသစွဲ၊ ခံစားချက်စွဲများကို ကျော်လွန်၍ နိုင်ငံတော်၏ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မရှိမဖြစ်လိုအပ်သော စွမ်းအင်ဗဟိုချက် Masterplan ကြီးတစ်ခုလုံးကိုပါ ခြုံငုံမျှော်တွေးနိုင်ရန် အသိပညာပေး လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။
(ဂ) တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးမူဘောင်ဖြင့် လင်းလင်းထင်ထင် ချပြရန် ပြင်ဆင်ခြင်း
"မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ရသည်ကို အများပြည်သူသိအောင် ရှင်းပြမည်" ဟူသော ကတိကဝတ်သည် ပြန်လည်စတင်မည့် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ပြီးနောက်တွင် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လူထုရှေ့မှောက်သို့ လာရောက်မည်ဖြစ်ကြောင်း ဖော်ပြနေသည်။ စီမံကိန်းကြောင့် အမှန်တကယ် ရရှိလာမည့် ဧရာမလျှပ်စစ်ဓာတ်အား ပမာဏ၊ စက်မှုဇုန်များနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လူငယ်များအတွက် ရေရှည်အလုပ်အကိုင် အခွင့်အလမ်းများနှင့် နိုင်ငံတကာအလယ်တွင် ရရှိလာမည့် ပထဝီနိုင်ငံရေး ယုံကြည်မှုစသည့် အကျိုးကျေးဇူးများကို တိကျခိုင်မာသော ဒေတာအချက်အလက်များဖြင့် ပြည်သူလူထု နားလည်သဘောပေါက်အောင် ချပြဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်း ဆိုလိုခြင်း ဖြစ်သည်။
နိဂုံး
ဆောင်းပါး၏ အစက မေးခွန်းကို ပြန်ကောက်ရလျှင် -
"ဒေါ်အောင်ဆန်းစုကြည်သာဆိုရင် မြစ်ဆုံစီမံကိန်းကို ပြန်စမှာလား?"
သူမ၏ မိန့်ခွန်းပါ လောဂျစ်များ၊ နိုင်ငံတကာ ကတိကဝတ်များအပေါ် လေးစားမှုများနှင့် တိုင်းပြည်အတွက် လျှပ်စစ်မီး အမှန်တကယ် လိုအပ်နေသည့် ပကတိအခြေအနေများကို ပေါင်းစပ်ဓာတ်ခွဲကြည့်လျှင်... "မှန်ပါသည်၊ သူမသာဆိုလျှင်လည်း တိုင်းပြည်၏ အနာဂါတ်စီးပွားရေးနှင့် ကမ္ဘာ့ယုံကြည်မှုအတွက် မြစ်ဆုံစီမံကိန်းကို နည်းလမ်းတကျဖြင့် ပြန်လည်စတင်မှာ သေချာပါသည်" ဟု သုံးသပ်ရမည် ဖြစ်သည်။
အနှစ်ချုပ်ရသော် နိုင်ငံ့ဦးဆောင်သူ ခေါင်းဆောင်ကောင်းတိုင်းသည် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားနှင့် ရှင်သန်ရပ်တည်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပထမဦးစားပေး တာဝန်ရှိကြပေသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဤမျှကြီးမားလှသော ကန့်ကွက်မှုများကြားမှ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် လမ်းခင်းပြောဆိုလာခြင်းမှာလည်း တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးရန်ဟူသည့် နိုင်ငံ့အကြီးအကဲတစ်ဦး၏ တာဝန်သိစိတ်ကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်တို့၏ သဘောသဘာဝအရ စိတ်ခံစားချက်ထက် တိုင်းပြည်၏ ပကတိဝမ်းစာရေး လိုအပ်ချက်ကိုသာ ရှေ့တန်းတင် ဖြည့်ဆည်းရစမြဲဖြစ်ကြောင်း ဤဖြစ်စဉ်က သက်သေပြနေသည်။ အနာဂတ်တွင်လည်း မည်သည့်အစိုးရ၊ မည်သည့်ခေါင်းဆောင်ပင် တက်လာသည်ဖြစ်စေ တိုင်းပြည်၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဤမဟာဗျူဟာမြောက် စီမံကိန်းကြီးကို မဖြစ်မနေ ရှေ့ဆက်ကြရမည်သာ ဖြစ်သည်။
ဘေးထိုင်ဘုပြော ဆဲရေးတိုင်းထွာနေကြသူများအနေဖြင့် ခခံစားချက်ဝါဒနောက်သို့ မလိုက်ကြဘဲ၊ သူမ တိုက်တွန်းခဲ့သလို "အမြင်ကျယ်ကျယ်နှင့် အဘက်ဘက်က ချိန်ထိုးစဉ်းစားကြဖို့" အချိန်တန်ပြီ ဖြစ်ပါကြောင်း။
ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော စကားပါဝင်သည့် ဆောင်းပါး Link:

(ဤဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ စကားများကိုသာ ရာနှုန်းပြည့် ကိုးကားထားခြင်းဖြစ်ပါသည်။)



Comments